Friday 19 February 2010

အမှား

နေရောင်ပြောက် ကို
အချစ်ထင်ပြီး ကုန်းကောက်လိုက်တယ်..
ငါ ... မှောက်မှားပုံများ....။ ။

Friday 12 February 2010

သုံးရက်

ရေမချိုးဖြစ်တာ သုံးရက်ရှိပြီ။
ဒီအကျီ င်္လည်း သုံးရက်ရှိပြီ။
မင်းကို ပြောချင်တဲ့ စကားတွေလဲ
ငါ့ရင်ထဲမှာ သုံးရက်ရှိပြီ။

Wednesday 10 February 2010

မေမေရေ...သား ကျန်းမာရေးမကောင်းဘူး

မေမေ..
သား ကျန်းမာရေး မကောင်းဘူး။
အခုတလော...အိပ်ကပ်ကော စိတ်ဓာတ်ပါ မာမာချာချာမရှိဘူး။
လူမှုဆက်ဆံရေး ကြိုးဝိုင်းထဲမှာလဲ
မကြာခဏပဲ အလဲထိုးခံနေရတယ်။

ဒီကြားထဲမှာ မေမေရယ်...
ကျွန်တော့်နှလုံးသားကလဲ
မကြာခဏ နှာစေးချောင်းဆိုးဖြစ်ပြ
ခုခံအားတွေ ကျပြီးရင်း ကျနေတယ်။

မေမေရေ...
မေ့မေ့သားကို ခေါင်းမာတယ်လို့ ပြောချင်သေးလား
မိန်းမတစ်ယောက်ကြောင့် အသည်းနာနေရတာသိရင်
အံ့သြချင်လဲ အံ့သြနေမှာပဲ။
သားကိုယ်သားလဲ ကောင်းကောင်း မဝေခွဲတတ်တော့ပါဘူး မေမေရယ်..။

မေမေရေ....
ခက်တော့လဲ ခက်ပါတယ်
ဖြစ်နေတာက အသည်းကွဲရောဂါဆိုတော့
ဆရာဝန်ပြရမှာလဲ နည်းနည်းတော့ ရှက်တယ်..။

Tuesday 9 February 2010

လမ်းမခွဲခင်...

လမ်းခုလပ်မှာ အချစ်နဲ့တွေ့တယ်။
တိုက်ဆိုင်မှုလား .. ကြံစည်မှုလား မသဲကွဲခင်မှာပဲ
သူ့ဆီကို ခြေစုံပစ်ပြီး ၀င်လိုက်မိတယ်။
အို....မင်းဆီမှာ မှောင်လိုက်တာ အချစ်ရယ်..။

စီးမြောကြ.. ရင်ခုန်ခြင်းမှာ အတူတူ
လှိုက်မောကြ ... စကားလုံးတွေမှာ အတူတူ
လွဲမှားကြ ... ချစ်ခြင်းမေတ္တာမှာ အတူတူ
အိုအချစ်ရယ်...ကိစ္စတွေက များလိုက်တာနော်
ဘယ်လိုဘာသာစကားတွေက တို့ကို ခြားနားစေမှာလဲ
တိှု့နှစ်ယောက်ရဲ့ နယ်ခြားမှာ မှတ်တိုင်တွေ မထားကြေး။

ဟိုး ...ခပ်လှမ်းလှမ်းက သချိုင်းမှာ မင်းတွေ့ရဲ့လား..
ကလီယိုပါထရာ... ရိုမီယိုနဲ့ ဂျူးလိယက်
ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ
အို...နန်းစွန့်မင်းကြီး အက်ဒ်ဝပ်ပါ ပါသေးတယ်.။
သူတို့ ဂုဏ်ယူနေမယ် ထင်ပါရဲ့
မယိုင်လဲခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ အတွက်လေ..။

ဟော..တေးသွားတွေကို မင်းကြားရဲ့လား..
စလင်းဒီယွန်က ညတိုင်းမင်းကို အိပ်မက်တယ်..တဲ့
နေမျိုးဆေးက အချစ်မရှိမ၀င်ရ တဲ့
မင်းဆီမှာ မှောင်နေပေမယ့် လှတော့ လှသားပဲ အချစ်ရဲ့..

ကဲပါ..အားငယ်မနေနဲ့
မိုးမရွာခင်..တို့တဲကို ပြင်ဆင်ကြဦးစို့...
အချစ်နဲ့ လမ်းခုလပ်မှာ မခွဲခင်လေးပေါ့...။

Saturday 6 February 2010

လရောင်သက်သက်

ချစ်တယ်လို့ ပြောဖို့ မထွက်လို့
အိပ်မက်ထဲမှာပဲ ထည့်ထည့်မက်နေရတယ်...
တကယ်တော့ နင်ဟာ..
ငါ ပိုင်ဆိုင်ခွင့် မရှိတဲ့ လရောင်သက်သက်..။

Friday 25 December 2009

သူက ငါး...ကျွန်တော်က နွား

မသစ်ရသေးတဲ့ မျက်နှာနဲ့ ကျွန်တော်သူ့ဆီ ထွက်လာလိုက်တယ်...။
အခုမှ ရေးတဲ့ ကဗျာတစ်ပုဒ်ပါတယ်... သူဖတ်ဖို့
အခုမှ တွေးတဲ့ စကားတစ်ချို့ပါတယ်... သူသိဖို့
အခုမှ သိတဲ့ ခံစားချက်တွေပါတယ်... သူပျော်ဖို့ ။

သူ့ကို စာလုံးပေါင်းတယ်..။
သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်..
သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို
ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

သူ့အသံကို စိတ်ကူးနဲ့ ကြားယောင်တယ်
သူ့ကိုယ်ရိပ်ကို စိတ်မှန်းနဲ့ မြင်ယောင်တယ်
သူ့အတိတ်ကို ကိုယ်တိုင် လူစားဝင်တယ်
ပြီးတော့.. သူ့ ဆုတောင်းတွေကို တစ်သွေးတစ်သားအလေးထားတယ်..။
သူ ..........
ကျွန်တော်ရဲ့ သူ........။

.................
.................

သူ...က စကားပြောဖော်
သူ...က ကိုယ်ပွား
သူ...က သံစဉ်တစ်ပုဒ်
သူ...က ပဟေဠိတစ်သွယ်....
ကျွန်တော်က သူ့အတွက်
သူ့အတွက်ကလည်း ကျွန်တော်
ဘာပဲဖြစ်ဖြစ်ပျော်တယ်...။

သူ့အတွက် ကျွန်တော်မဟုတ်ရင်
ကျွန်တော့်အတွက် သူဖြစ်စေချင်တယ်။
ဘယ်လောက်တောင်လဲဆို......
ကျွန်တော့်အသိဥာဏ်တွေကို
သူ့အတွက် ငယ်ထားပေးချင်တယ်..။
ကျွန်တော့်ရဲ့ နေရာလွတ်ကို
သူ့အတွက် ဖယ်ထားပေးချင်တယ်။
ကျွန်တော့်ပျော်ရွှင်မှုတွေကိုလဲ သူ့ကိုပဲ အပ်ထားချင်တယ် ။

ကျွန်တော်က သူ မလိုအပ်ရင် ပြန်ဖျက်ပေးလို့ရတဲ့ သင်ပုန်းတစ်ခု
သူက ကျွန်တော်လိုအပ်နေချိန်မှာလဲ မလာဘဲနေနိုင်တဲ့ မီးပြတိုက်တစ်ခု။

သူက သူလိုချင်သလို အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ
ကျွန်တော်က သီအိုရီချင်းမတူပေမယ့် ထောက်ခံ
အားလုံးကို သူ့အတွက် မှန်ပေးခဲ့တယ်.။
တကယ်တော့.....
သူဟာ ကုန်းပေါ် ပစ်တင်တာ ခံရတဲ့ ငါး...
ကျွန်တော်က ပင်လယ်ကို ချောင်းထင်ပြီး ကူးတဲ့ နွား..
ကျွန်တော်တို့ တစ်တွေ
ရာဇ၀င်တွင်အောင် မှားကြတယ်။