Friday 25 December 2009

သူက ငါး...ကျွန်တော်က နွား

မသစ်ရသေးတဲ့ မျက်နှာနဲ့ ကျွန်တော်သူ့ဆီ ထွက်လာလိုက်တယ်...။
အခုမှ ရေးတဲ့ ကဗျာတစ်ပုဒ်ပါတယ်... သူဖတ်ဖို့
အခုမှ တွေးတဲ့ စကားတစ်ချို့ပါတယ်... သူသိဖို့
အခုမှ သိတဲ့ ခံစားချက်တွေပါတယ်... သူပျော်ဖို့ ။

သူ့ကို စာလုံးပေါင်းတယ်..။
သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်..
သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို
ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

သူ့အသံကို စိတ်ကူးနဲ့ ကြားယောင်တယ်
သူ့ကိုယ်ရိပ်ကို စိတ်မှန်းနဲ့ မြင်ယောင်တယ်
သူ့အတိတ်ကို ကိုယ်တိုင် လူစားဝင်တယ်
ပြီးတော့.. သူ့ ဆုတောင်းတွေကို တစ်သွေးတစ်သားအလေးထားတယ်..။
သူ ..........
ကျွန်တော်ရဲ့ သူ........။

.................
.................

သူ...က စကားပြောဖော်
သူ...က ကိုယ်ပွား
သူ...က သံစဉ်တစ်ပုဒ်
သူ...က ပဟေဠိတစ်သွယ်....
ကျွန်တော်က သူ့အတွက်
သူ့အတွက်ကလည်း ကျွန်တော်
ဘာပဲဖြစ်ဖြစ်ပျော်တယ်...။

သူ့အတွက် ကျွန်တော်မဟုတ်ရင်
ကျွန်တော့်အတွက် သူဖြစ်စေချင်တယ်။
ဘယ်လောက်တောင်လဲဆို......
ကျွန်တော့်အသိဥာဏ်တွေကို
သူ့အတွက် ငယ်ထားပေးချင်တယ်..။
ကျွန်တော့်ရဲ့ နေရာလွတ်ကို
သူ့အတွက် ဖယ်ထားပေးချင်တယ်။
ကျွန်တော့်ပျော်ရွှင်မှုတွေကိုလဲ သူ့ကိုပဲ အပ်ထားချင်တယ် ။

ကျွန်တော်က သူ မလိုအပ်ရင် ပြန်ဖျက်ပေးလို့ရတဲ့ သင်ပုန်းတစ်ခု
သူက ကျွန်တော်လိုအပ်နေချိန်မှာလဲ မလာဘဲနေနိုင်တဲ့ မီးပြတိုက်တစ်ခု။

သူက သူလိုချင်သလို အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ
ကျွန်တော်က သီအိုရီချင်းမတူပေမယ့် ထောက်ခံ
အားလုံးကို သူ့အတွက် မှန်ပေးခဲ့တယ်.။
တကယ်တော့.....
သူဟာ ကုန်းပေါ် ပစ်တင်တာ ခံရတဲ့ ငါး...
ကျွန်တော်က ပင်လယ်ကို ချောင်းထင်ပြီး ကူးတဲ့ နွား..
ကျွန်တော်တို့ တစ်တွေ
ရာဇ၀င်တွင်အောင် မှားကြတယ်။